Monday, September 7, 2009

ဘဝ ....... ဘဝ


အဖေ ၊ အမေ ၊ အစ်ကို ၊ ညီမလေး .......... ပျော်စရာကောင်းသောမိသားစုလေးတစ်စု။

ပျော်စရာကောင်းသောမိသားစုလေးတစ်စု၏ဘဝလေးထဲသို့ မမျှော်လင့်သော အဖြစ်ဆိုးဝင်ရောက်ခဲ့သည်။

တစ်နေ့ မှာအဖေကအမေ့ကိုပြောသည် "ငါ့မျက်လုံးတွေပြာပြာနေတယ် ၊ ဘာမှမမြင်ရဘူး " အလွန်စိတ်ပူတတ်သောအဖေ ၊ အမေနှင့်တူတူ ဆေးခန်းသွားပြကြသည်။ နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီးဆီရောက်သွားကြသည်။ ဆရာဝန်တွေအမျိုးမျိုးစမ်းသပ်ကြသည် ၊ ဓတ်မှန်ရိုက်ကြသည် ၊ ရောဂါအကြာကြီးရှာဖွေကြသည်။ နောက်ဆုံးမှာ ရောဂါရှာဖွေတွေ့ ရှိသွားကြသည်ထင်ပါ့။ "ဦးနှောက်ထဲမှာရေဝပ်နေသည်တဲ့" ခွဲစိတ်ကုသလိုက်ရင်ပျောက်ကင်းသွားမည်ဟု ဆရာဝန်ကြီးများကပြောကြသည်။ မခွဲစိတ်ပါက မျက်လုံးကွယ်နိုင်သည် ၊ ကိုမာလိုမျိုးဖြစ်နိုင်သည် ဟုပြောဆိုယူဆကြသည်။

အဖေကလဲခွဲစိတ်ဖို့ အားသန်သည် ၊ ဒါမှ သူ့ ရောဂါပျောက်ကင်းသွားမည်ဟု ထင်ပုံရသည်။ ဦးနှောက်ကိုခွဲစိတ်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ် ၊ အရမ်းနူးညံ့သည့်အစိတ်အပိုင်းတစ်ခု။ နောက်ဆုံးအားလုံးဆွေးနွေးတိုင်ပင်ပြီး ယိုးဒယားမှာခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ အဖေနှင့်အတူ အဖေ့ညီအရင်း လိုက်ပါသွားသည်။ အမေကတော့ ကလေး၂ယောက်ကို စောင့်ရှောက်ဖို့ ကျန်ခဲ့သည်။ အစ်ကိုကအဲဒီအချိန်မှာ ၁၁နှစ်မပြည့်သေး ၊ ညီမလေးက ၇နှစ်။ အဲဒီအချိန်ကကလေးတွေကကျောင်းတက်နေရတာကိုး။ အမေနှင့်အတူ အမေ့တူမလေးတစ်ယောက် အဖော်အဖြစ်လာနေပေးသည်။

အဲဒီအချိန်ကနိုင်ငံခြားဖုန်းခေါ်ရင်တိုက်ရိုက်ခေါ်လို့ မရ။ အိတ်ချိန်းကိုဖုန်းဆက်ပြီးမှ ကိုယ်ခေါ်ချင်တဲ့ နံပတ်ကိုပေး။ အကြာကြီးစောင့်ရသည်။

ခွဲစိတ်ပြီးအဖေသတိပြန်မရသေးတော့ဖုန်းနေ့ တိုင်းဆက်တာတော့မှတ်မိတယ်။ အမေဆိုပြောဖွယ်ရာမရှိ ၊ အရမ်းစိတ်ပူနေပြီ။ ကိုယ်က ကလေးဆိုတော့ဘာသိမှာလဲ။

တစ်နေ့ ကျောင်းကပြန်လာတော့ အားလုံးမျက်နှာမကောင်းကြဘူး။ ဘာမှတော့မပြောဘူး။ နောက်တော့အမေငိုတယ်။ အဖေဆုံးသွားပြီလို့ ပြောတယ်။ ခွဲပြီးရက်၂၀ထိထင်တယ်။ သတိပြန်မလည်လာတော့ဘူး။ ဟိုကဆရာဝန်တွေကဆုံးပြီလို့ သတ်မှတ်လိုက်ကြတာပါ။ အဖေဆုံးတော့ ၃၈နှစ်ဘဲ ရှိပါသေးတယ်။ ဘဝကြီး မိုးမှောင်ကျခဲ့တဲ့ရက်တွေပေါ့။ အမေဆိုငိုလိုက်တာ ၊ အစ်ကိုလဲငိုတယ်။ ညီမလေးကတော့ အမေငိုလို့ လိုက်ငိုတာ။ အမေဆိုနေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲခဲ့တယ်။ နောက်တော့ဒီကလေး၂ယောက်ကိုလူလားမြောက်အောင် စောင့်ရှောက်ဖို့ အတွက် အားတင်းပြီး လောကကြီးကိုရင်ဆိုင်ခဲ့တယ်။

တကယ်လို့ သွားမခွဲရင်ကော အဖေဒီနေ့ ထက်ထိရှိအုန်းမှာလား။ ကံအလှည့်အပြောင်းလေးတစ်ခုမှာအဖေမရှိတော့တာပါ။

အဖေက အရမ်းသဘောကောင်းပါတယ်။ ညီမလေးငိုရင်အမြဲချီနေကြပါ။ ၇နှစ်ရှိနေပြီ ၊ ငိုရင်ချီပြီးချော့တာဘဲ။

ဒီလမှာအဖေဆုံးသွားတာမို့ လို့ လွမ်းလို့ မှတ်မိသလောက်စာရေးလိုက်တာပါ။

9 comments:

ကောင်းကင်ပြာ said...

ထပ်တူ စိတ်မကောင်း ပါဘူး ညီမလေးရယ်၊ တို့ ညီမလေးလဲ ကျန်းမာရေး ဂရုစိုက်နော်း)

yaewoori said...

အဒီ အမေ ကို ကျေးဇူးဆပ်နိုင်အောင်ကျိုးစား
နေကောင်းအောင်နေ
မပေနဲ့

သီဟသစ် said...

ညီမလေး pooh ရေ
စိတ်မကောင်းစရာနော်
အမေကိုစိတ်ချမ်းသာအောင်ထားပေးပါ
အဖေ့ကို ကျေးဇူးဆပ်ရာ ရောက်တာပေါ့

သားကြီး said...

၃၈နှစ်ဆိုတာ တကယ့်အရွယ်ကောင်း
စိတ်မကောင်းစရာကြီးဗျာ
အင်းပေါ့လေ ကံကြမ္မာဆိုတာကလည်း ...

မြစ်ကျိုးအင်း said...

စိတ်မကောင်းစရာပါပဲ
မကုဘဲ ဒီအတိုင်းနေရင် ဘာဆက်ဖြစ်မယ်မသိနိင်ပေမယ့်
ကုလိုက်ရတဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တာပဲ ဆိုပြီး စိတ်ဖြေရမှာပဲ။

ဒီအရွယ်အထိ ပြုစုစောင့်ရှောက်ခဲ့တဲ့အမေ့ကို ပိုပြီး စိတ်ချမ်းသာအောင် ထားပေါ့။

ကျန်းမာရေးလည်း ဂရုစိုက်ပါ။

ahphyulay said...

တူတယ်ဗျာ၊ကျွန်တော်လဲ အဖေ ဆုံးသွားပြီလေ။
အစားထိုးလို့ မရတဲ့ အရိပ်တွေပေါ့ ၊ဒိလိုပဲ..တစ်ယောက်ဆင်းတစ်ယောက်
တက်သွားကြရတော့ မှာလေ..။ရင်ဆိုင်ဘို့ အားတွေ၊အတွေ့ အကြုံတွေ
စုစောင်းထားညီမလေးရေ့ ....။

သမီးပျို said...

စိတ်မကောင်းဘူးဟာ တကယ်ပါ အားမငယ်နဲ့နော်

chitpalone said...

ဟိုက်တင်း ချစ်မကြီးရေ ဘာပဲဖြစ်ဖြစ် ဘဝကဒီလိုပဲထင်တယ်နော်။ ဟိ အားပေးတတ်သလိုပေးတာ။ သမီးက မမှာ အဖေရော အမေရော ရှိသေးတယ်မှတ်တာလေ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

အိပ်မက်ခြေရာ said...

ဖတ်ရတာ စိတ်မကောင်းစရာပဲဗျာ ဘာပဲဖြစ်ဖြစ်အကောင်းဆုံးတော့လုပ်ခဲ့တာပဲ
လေနော် အဖေမရှိတော့နဲ့နောက် အမေကိုတော့ တိုးလို့ချစ်ကြင်နာပေါ့..

Post a Comment