Sunday, February 28, 2010

သူငယ်ချင်းသို့ ပြန်စာ


Shein Mee
သတိရတယ်။ နင့်ဆီကိုလဲ တစ်နေ့တစ်နေ့စာရေးမယ်ဆိုပြီး မရေးဖြစ်ပါဘူးဟာ။ ကွန်ပြူတာရှေ့ မှာဘဲအချိန်ကုန်နေမိတယ်။ နင်ပို့တဲ့စာကို နှစ်သစ်ကူးပြီးမှရတယ်။ ဒီမှာ နှစ်သစ်ကူး ကိုးရက်ပိတ်လိုက်တာကိုး။

နင်ကကိုယ်ဝန်ရှိနေတော့ အစစအရာရာ ဂရုစိုက်ပေါ့ဟာ။ ကိုယ်ဝန်ဆောင်စာအုပ်တွေဝယ်ဖတ်ပေါ့။ ယောက်ကျားလေးဆိုတဲ့စိတ်သိပ်မထားနဲ့ပေါ့။ အမှန်က နင်ကိုယ်ဝန်ရလိုက်ပြီဆိုတည်းက ယောက်ကျားလေး ၊ မိန်းကလေး သိနေရပြီလေ။ ငါတို့ ကြည့်လို့ မမြင်နိုင်လို့ သာ မသိရတာ။

ယောက်ကျားလေးမွေးဖြစ်ရင် ကလေးထပ်မယူနဲ့ တော့လို့ ပြောမလို့ နင်ကနောက်တစ်ယောက်ယူမယ်ဆိုလို့ ၊ ယူချင်လဲယူပေါ့ဟာ။ ငါကနင်ပင်ပန်းမှာစိုးလို့ ။

နင့်ဆီဖုန်းဆက်တိုင်း ငါ့အကြောင်းတွေဘဲရေးခိုင်းနေတယ်နော်။ ငါ့အကြောင်းကိုပြောလဲပြောပြချင်တယ်။ မပြောလဲမပြောပြချင်ဘူး။ နင်စိတ်ညစ်သွားမှာစိုးလို့ ပါဟာ။ ကလေးက အရေးကြီးတယ်လေနော်။ ငါကတော့ ရပါတယ်ဟာ။

နင့်ကိုတစ်ခုပြောရအုံးမယ်။ နင်သိပြီးသားလား ၊ မသိသေးတာလား ငါမသိဘူးပေါ့နော်။ ငါလဲ ဒီတစ်လောလေးမှသိတာပါ။ နှစ်ပတ်လောက်ဘဲရှိသေးတယ်။ ငါမျက်နှာစာအုပ်မှာ အကောင့်ရှိတယ်လေ။ လွန်ခဲ့တဲ့ ၂ပတ်က နွယ်ကငါ့ကို အင်ဗိုက်လာလုပ်တယ်။ ငါလဲ အစတ်လုပ်လိုက်တယ်။ အဲဒါနဲ့ ငါသူတို့ ၂ယောက်ပုံကိုမြင်တယ်။ နောက်တော့ ငါသိချင်လွန်းလို့ မေးလိုက်တာ သူနဲ့ နွယ်က အိမ်ထောင်ကျတာ ၁နှစ်ရှိပြီသိလား။ ခုနွယ်ကလဲ ကိုယ်ဝန်ရှိတယ်။ ငါ့ကိုလာလာတောင်းပန်တယ်။ ငါပြောတယ် မတောင်းပန်ပါနဲ့ လို့ ။ နင်ပြောသလိုဘဲလေ ၊ ဖူးစာပါမှ ဆုံကြရတာမဟုတ်လား။ ဓတ်ပုံတွေလဲ ငါ့ကိုပို့ ပေးတယ်။ နင့်ကိုပြန်ထည့်ပေးလိုက်မယ်။

လူတွေက လူတစ်ယောက်နိုင်ငံခြားရောက်နေပြီဆို အထင်ကြီးကြတယ်။ ဒါပေမဲ့ဒီလူမှာ နိုင်ငံခြားရဲ့စိတ်ဒုက္ခကို ဘယ်လောက်ခံစားရလဲ ဘယ်သူမှမသိဘူး။

ငါလေ ဒီမှာ ဘာသူငယ်ချင်းမှမရှိဘူး။ မေးထူးခေါ်ပြောတာတွေတော့ရှိတာပေါ့ဟာ။ နင့်လိုမျိုးရင်းရင်းနှီးနှီးသူငယ်ချင်းမျိုးတော့လိုချင်တယ်။ ဒါပေမဲ့ အဲဒီမေးထူးခေါ်ပြောကနေဘဲ အထင်လွဲတဲ့သူတွေလဲရှိတယ်ဟ။ နင်ဆိုရင် အင်တာနတ်မသုံးတော့ဘာမှမသိဘူးနော်။ ကိုယ်ကမေးထူးခေါ်ပြောတာဘဲလေ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ သူတို့ကို ကြိုက်လို့ ချက်တယ်လို့ထင်တဲ့လူတွေလဲရှိတယ်ဟ။ ချက်တောင်မချက်ရဲအောင်ပါဘဲဟာ။ သူကငါ့ကို ဖွင့်ပြောလာလို့ ငါသိရတာဟ။ သူတို့ကိုယ်သူတို့အထင်ကြီးကြတာလေ။ အမှန်တော့ ငါက ခင်မင်မှုလိုချင်တာပါ။ ဒါကို လူတွေက အထင်လွဲကြတယ်။

လူတွေက သူတို့အနိုင်ယူလို့ရတဲ့လူတော့ အနိုင်ယူချင်သားဟ။ ကြောက်ရမဲ့လူရှိတော့လဲ ငြိမ်ကုပ်နေရတာဘဲလေ။ ပြောလိုက်ရင်တော့ လေတစ်လုံးမိုးတစ်လုံးပေါ့။ တကယ်တမ်းကြတော့ ဘာအဖြစ်မှမရှိကြဘူး။ သူ့ကိုယ်သူ သူဌေးဂိုက်ဖမ်းတဲ့သူတွေကတော့ အဆိုးဆုံးပေါ့။ ဆေးမရှိဘူးလေ။ အကုသိုလ်အလုပ်နဲ့စီးပွါးဖြစ်နေတဲ့သူတွေလဲ တစ်ပုံတစ်ပင်ဘဲသိလား။ ကိုယ့်ကိုရ်ကို စိတ်ထားကောင်းတယ်လို့ထင်နေတဲ့သူတွေဟာလဲ အပြောကြီးတဲ့သူတွေဘဲ။ နင်သိမှာပါ။ လိုတစ်မျိုး ၊ မလိုတစ်မျိုးလုပ်တာလဲ လူတွေရဲ့မာယာဘဲ။ ငါကတော့ အဲဒီလိုလူတွေကိုမုန်းတယ်ဟ။ ဒါပေမဲ့ လူတိုင်းက အဲဒီ အတတ်ကိုတတ်ကျွမ်းရတယ်ဟ။ မဖြစ်မနေလုပ်ရမယ်ဆိုမှငါလုပ်မယ် ၊ မဟုတ်ပဲနဲ့တော့ ငါအလကားမလုပ်ချင်ဘူး။ ငါတို့တက္ကသိုလ်နောက်ဆုံးနှစ်ခရီးသွားတုန်းကလဲ ဒီလိုလူတွေဘဲ ငါတို့ တွေ့ခဲ့ရတယ်လေ။ အားလုံးရှေ့ကျတော့ ဟိုလူ့မြှောက်ပင့် ၊ ဒီလူ့ မြှောက်ပင့်နဲ့။ ကွယ်ရာကျတော့ ကဲ့ရဲ့လိုက်တာ။ မျက်နှာပြောင်တိုက်ရဲတာပါဟာ။ ဒါမျိုးမှ လူတော်လို့ပြောချင်ကြတာလေ။

ငါ Aug ပြန်မလာဖြစ်တော့ဘူးဟ။ နင့်ကိုတော့လာတွေ့ချင်ပါတယ်။

ငါက ကြားခံကိရိယာတစ်ခုလိုပေါ့။ လင်းညီနဲ့နွယ်ကြားမှာ ငါမပါခဲ့ရင် သူတို့နှစ်ယောက်လဲ သိချင်မှသိခဲ့ကြမှာနော်။ လူတွေစိတ်ညစ်နေတဲ့အခါဆိုရင် ငါကသူတို့ပျော်အောင်လုပ်ပေးရတယ်။ အမှန်တော့လူတွေက ညှာတာမှုကင်းမဲ့တာဟ။ သူတို့ကျတော့ ပျော်တုန်းကပျော်ခဲ့တယ်။ သူတို့မပျော်တဲ့အချိန်ကျတော့ ငါကပေးဆပ်ရမတဲ့။ မတရားတာနော်။ သူများတွေအဆင်ပြေအောင် လုပ်ပေးနေရတာလေ။ သူများတွေအဆင်ပြေအောင်တော့လုပ်ပေးချင်ပါတယ်။ မကူညီချင်တာမဟုတ်ဘူး။ ငါဟာ သံယောဇဉ် ၊ ခံစားချက် ၊ အသဲနှလုံးကင်းမဲ့တဲ့ လူသားတစ်ယောက်ဖြစ်ခဲ့ရင် အားလုံးကိုကူညီနိုင်မှာပါ။ သူများတွေကူညီပြီး ငါ့ကျတော့ Heart ထိနေရင် ဘယ်အဆင်ပြေပါ့မလဲဟာ။ နောက်ပြီး ဝင်လို့ကောင်းတဲ့အတွဲဆိုရင် အရေးမကြီးဘူးလေ ၊ ဝင်လို့မကောင်းတဲ့အတွဲဆိုရင် ကိုယ့်ကို အမှုလာပတ်နေမှာစိုးရသေးတယ်လေ။ ဒါတွေလဲရှောင်ရသေးတယ်ဟ။ ငါ့မာမီကတော့ပြောထားပြီးသားနော်။ သူများအတွဲတွေကြားထဲ ဝင်မရှုပ်ပါနဲ့တဲ့။ မာမီစကားဘဲနားထောင်မယ်ဟာ။ သူများအကျိုးဆောင်ရင်ကိုယ့်အကျိုးအောင်မဟုတ်ဘဲ သူများအကျိုးဆောင်ကိုယ့်အကျိုးပြောင် ဖြစ်မယ်ဆိုတဲ့စကားဟာ မှန်တယ်။

အဲဒါပါဘဲဟာ။ နောက်မှနင့်ဆီဖုန်းဆက်လိုက်မယ်။ နင်အဆင်ပြေပါစေနော်။

ချစ်ခြင်းများစွာဖြင့်
ယွန်း






Tuesday, February 23, 2010

သူငယ်ချင်း မှ ပေးစာ


Hi ယွန်း

နင့်ဆီငါစာကရေးချင်တယ် ၊ မအားလို့။ အခု Birthday Card ပို့မယ်ဆိုတော့ တခါထဲရေးဖြစ်အောင် ရေးမယ်ဆိုပြီး ရေးလိုက်တာ။ နင်ဘယ်တော့ပြန်လာမှာလဲ? ငါက Aug မှာမွေးမှာ။

နင်ပြန်လာရင်တော့ကောင်းတာပေါ့။ နင်ပြန်လာမယ်ပြောတော့ ငါတော်တော်ပျော်သွားတာ။ နင် ငါ့ကိုအရင်လိုကော ချစ်ရဲ့လား? ငါ့ကိုသားလေးမွေးအောင် ဆုတောင်းပေးဦးနော်!

နင်ကောနေရတာ အဆင်ပြေလား? ကျန်းမာရေးလဲဂရုစိုက်ဦး ၊ ကျန်းမာဖို့ကအရေးကြီးဆုံးဘဲ ၊ ကျန်းမာတာကဘာနဲ့မှလဲလို့မရဘူး။ နင်တကယ် Aug ပြန်လာမှာလား? ဘာပြန်လာလုပ်မယ်ဆိုတာ ငါ့ကိုမပြောဘူးနော်။

ငါကတော့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေလဲ လျှောက်ပြီး တောင်စဉ်းစား ၊ မြောက်စဉ်းစားပေါ့ဟာ။ ကလေးမွေးရမှာလဲကြောက်တယ်ဟ။ ဇာခြည်သမီးလေးတောင် ၁နှစ်ရှိပြီ ၊ သူက ကလေးမပျင်းရအောင် ၃၀မကျော်ခင် နောက်တစ်ယောက်ထပ်ယူမယ်တဲ့။ နင်လဲ စဉ်းစားသင့်ပြီနော်။

အခု ငါတောင်ကျားကလေးယူပြီးရင် နောက်တစ်နှစ်ခြားပြီးတော့ နဂါးကလေးယူမယ်လို့စီစဉ်ထားတယ်။ အခုဆိုရင် ကုန်းရတာလဲကြောက်တယ် ၊ မမှီတာလှမ်းယူတာလဲ ကြောက်တယ် ၊ ကလေးတစ်ခုခုဖြစ်မှာစိုးလို့။ စားတာကတော့ စားသလားမမေးနဲ့။ တချိန်လုံး တတွတ်တွတ်နဲ့စားတာ ၊ ဗိုက်ကလည်း ခဏခဏ ဆာတယ်ဟ။ အိပ်ရင်လဲ ပက်လက်ကလေးဘဲ အိပ်ရတယ်။ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်သေးတယ်။ နောက်မှ ကလေးကို ဖိသလိုဖြစ်မှာစိုးလို့ ပြန်ထိန်းရတယ်။

နောက်အားမှဘဲ စာရေးတော့မယ်နော်။ ကျန်းမာရေးကို အထူးဂရုစိုက် သူငယ်ချင်း။
နင်လဲ စာပြန်ရေးဦးနော်။ အမြဲသတိရတယ်။

Shein mee