Thursday, August 13, 2009

ချင်းကွမ်းရန် 青光眼 (Glaucoma)



ဒီရောဂါကို မြန်မာပြည်မှာ သိတောင်မသိဘူး ၊ ကြားလဲမကြားဖူးဘူး။ မျက်လုံးထဲက ဖိအားများလို့ ဖြစ်တဲ့ရောဂါတဲ့။ ဖိအားများတိုင်း အဲဒီရောဂါဖြစ်ချင်မှဖြစ်တာလို့ ပြောကြတာဘဲ။ အားလုံးသိအောင်လို့ ပြောပြတာပါ။ သိပ်တော့မသိဘူး။ မှားသွားရင်လဲပြန်ပြောကြနော်။

မနှစ်က(2008) ဖေဖော်ဝါရီလောက်ထဲကမျက်လုံးက၁မျိုးဖြစ်ဖြစ်နေတယ်။ မျက်လုံးထဲကအောင့်တာလား ၊ ညောင်းတာလား ၊ ကိုက်တာလား မသိဘူး။ ကိုယ်တိုင်ကမျက်မှန်တတ်တော့ ပါဝါများတက်လားမသိဘူးလို့ တော့ထင်လိုက်တယ်။ အလုပ်လုပ်နေတာဆိုတော့ ကွန်ပြူတာကိုနေ့ မအားညမအား ကြည့်ဖြစ်နေတာကြောင့်လား ဆိုပြီး လားပေါင်းများစွာနဲ့ ဒီတိုင်းဘဲနေလိုက်တယ်။ အဲဒီအချိန်က အလုပ်တွေတအားများတော့ မျက်မှန်ပါဝါဆိုင်ကို အားမှဘဲသွားမယ်လို့ စိတ်ကူးတာပေါ့။ ဒီလိုဖြစ်နေရင်းနဲ့ မေလရောက်တော့ မျက်လုံးမှာ အပူဖုလေးပေါက်ရော ၊ မျက်လုံးနာတာပေါ့။ အဲဒါသွားမပြဘဲ အိမ်မှာရှိတဲ့ တတ်ထရာဆိုင်ကလင်းဘဲအားကိုးလိုက်တယ်။ မပျောက်ဘူး။

မပျောက်တော့ အိမ်နားမှာ မျက်လုံးပြလို့ရတဲ့ဆေးခန်း၁ခုရှိတယ်။ အဲကိုပြေးတာပေါ့။ အဲဒီရောက်တော့ မျက်လုံးကိုစက်တွေနဲ့ စမ်းသပ်တယ်။ အဲဒီမှာ မျက်လုံးကို ဖိအားတိုင်းတဲ့ကိရိယာလေးလဲရှိတယ်။ တိုင်းတော့ ဖိအားက ဘယ်ဘက် ၄၈ ၊ ညာဘက် ၄၆ တဲ့။ ဆရာဝန်မြင်ပြီးလန့် သွားတယ်။ အဲလောက်များတယ်ပေါ့။ မကောင်းဘူးတဲ့။ လူသာမန်တစ်ယောက် မျက်လုံးဖိအားက ၂၀ အတွင်းမှာဘဲရှိရမယ်တဲ့။ ဒါပေမဲ့ နောက်၁ပတ်ရောက်ရင် လာချိန်ကြည့်နော်တဲ့ ဆိုပြီး မျက်လုံးနာနေတာကို ပျောက်အောင်ဆေးပေးလိုက်တယ်။ အဲဒီတုန်းက ကိုယ်ကခပ်ပေါ့ပေါ့ဘဲ။ အဒေါ်လဲပါတယ်။ အဒေါ်က စိတ်တော့ပူနေတယ်။ အိမ်ရောက်တော့ အမေကိုပြောပြတယ်။ ဒီလိုဒီလိုဖြစ်နေတယ်လို့.။ အဒေါ်က အမေကိုပြောပြတယ်။ ဒီလိုဖိအားများရင် ရောဂါ၁မျိုးရှိတယ်တဲ့ ၊ ချင်းကွမ်းရန် 青光眼 (Glaucoma) အဲဒါဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒါနဲ့ နောက်၁ပတ်တောင်မပြည့်ဘူး။ ထပ်သွားချိန်လိုက်တယ်။

ဖိအားက ဒီအတိုင်းဘဲမပြောင်းဘူး။ အဲဒါနဲ့ ဆရာဝန်လဲ အရေးကြီးတယ်ဆိုပြီး ဆေးရုံကြီးကိုလွှဲလိုက်တယ်။ ဆေးရုံရောက်တော့ ၁ရက်လုံးစက်တွေအများကြီးနဲ့ စစ်ဆေးခံရတယ်။ နောက်တစ်ရက်မှ ဆရာဝန်ကြီးနဲ့ တွေ့ ရတယ်။ ဆရာဝန်ကြီးကစမ်းလဲပြီးရော ၊ အရေးကြီးတယ်။ နောက်၂လနောက်ကျရင် မျက်လုံးကန်းနိုင်တယ်လို့ ပြောပါတယ်။ ချင်းကွမ်းရန် 青光眼 (Glaucoma) ဖြစ်နေတာလို့ ပြောပါတယ်။ မျက်လုံးဖိအားကျအောင်လို့ သောက်ဆေး၂မျိုးပေးတယ်။ မျက်စဉ်းဆေး၂မျိုးပေးတယ်။ အချိန်အတိကျထဲ့ခိုင်း ၊ သောက်ခိုင်းပါတယ်။ အရမ်းအရေးကြီးတယ်လို့လဲပြောလိုက်တယ်။ နောက်တစ်ရက်လာပြခိုင်းတယ်။ ဆေးသောက်ပြီး ဖိအားပြန်တိုင်းမယ်ပေါ့။ အဲဒီဆေးကသောက်ပြီး အရမ်းနေရခက်တယ်။ လူတကိုယ်လုံး ထုံနေတယ်။
နောက်တစ်ရက်ပြန်သွားပြတော့ ဖိအားက သိသိသာသာ ကျသွားတယ်။ ဘယ်ဘက် ၂၀ ၊ ညာဘက် ၁၆ ဘဲ ကျန်တော့တယ်။ အဲဒီတုန်းက စင်ကာပူကကျောင်းတတ်ဖို့ စာကလဲရောက်နေတော့ လူ၁ယောက်လုံး ဘယ်လိုလုပ်ရမှန်းမသိဘူး။

အဲဒါနဲ့ ဆရာဝန်က သောက်ဆေးရပ်ပြီး မျက်စဉ်းဘဲခပ်ခိုင်းတော့တယ်။ နောက်၁ပတ်ထပ်ချိန်းလိုက်တယ်။ နောက်၁ပတ်မှ ဆရာဝန်ကိုမေးရမှာပေါ့ ၊ စင်ကာပူသွားလို့ ရမရကို။ နောက်တစ်ပတ်ရောက်တော့ ဆရာဝန်ကိုမေးပါတယ်။ စင်ကာပူမှာစာသွားဖတ်လို့ ရမလားပေါ့။ ဆရာဝန်ကရပါတယ်တဲ့ ၊ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် မျက်လုံးကတော့ ပုံမှန် စစ်ဆေးနေရမှာပေါ့လေ။ မျက်စဉ်းလဲအမြဲခပ်နေရမှာပါတဲ့။ အဲဒီလိုနဲ့ စင်ကာပူကျောင်းကို တစ်ပတ်နောက်ကျပြီးတက်ဖြစ်ခဲ့ပါတယ်။

ဒီရောဂါက လူကြီးတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ မျိုးရိုးရှိရင်လဲဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မျိုးရိုးမရှိလဲ ဖြစ်တတ်တယ်။ ရောဂါဖြစ်ရင် ဘာမှသိသာ ခံစားမှုမရှိဘူးတဲ့။ အဲဒါကြောင့်အသိနောက်ကျပြီး မျက်လုံးကန်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့်အားလုံးဘဲ မျက်လုံးဖိအား နဲ့ မျက်လုံး စမ်းသပ်ခြင်း ကို တစ်နှစ်တစ်ခါလုပ်ဖို့ အသိပေးလိုက်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ google မှာ ရိုက်ပြီး ဖတ်ရှုနိုင်ပါတယ်။

8 comments:

မြစ်ကျိုးအင်း said...

ဗဟုသုတများတယ် တခါမှမကြားဖူးဘူး
အရေးကြီးမှန်းအခုမှပဲသိတော့တယ်...။
မျက်လုံးကအရမ်းအရေးကြီးပါတယ်
မျက်စိအဆုံး နားအရှုံးတဲ့
မျက်စိထိခိုက်ရင်ဘ၀ပါ ဆုံးသလိုပါပဲ...။
အသိပေးတာ ကျေးဇူးပါပဲ...။

သားကြီး said...

ခုလိုသတိပေးပြီးပိုစ်တစ်ခုတင်ပြတာကျေးဇူးပါ
ကိုယ်တိုင်လည်းဂရုစိုက်ပါဗျာ
မျက်လုံးကအရမ်းအရေးကြီးပါတယ်
အစစအရာရာဆင်ခြင်ရမှာပေါ့လေ

ကောင်းကင်ပြာ said...

ညီမလေး ဂရုစိုက်နော်၊

ahphyulay said...

မျက်လုံးကတော့  တစ်ချိန်ချိန်မှာ မလွဲမသွေ လူတိုင်းရင်ဆိုင်ကြရမှာပါ။
ကျွန်တော်မျက်မှန် စ တပ်ခါစက ရင်ဆိုင်ဘို့ ခြက်ခြင်းလက်ခံဘို့ 
ခက်ခဲနေပေမဲ့  နောက်တော့ လဲ ဇရာကိုလက်ခံလိုက်ရတော့ တာပါ။
စိတ်ဓါတ်မကျပါနဲ့ ။မသွားဖြစ်သေးလို့ တစ်ပုဒ် တင်ဖြစ်သေးတယ်။
ရယ်ရအောင်တော့ ရေးထားတာပဲ။ဖတ်ကြည့် ပါအုံး။မျက်လုံးမညောင်းခင်၊

Anonymous said...

hello

Chitpalonelay said...

အခုမှ ကြားဖူးတော့တယ်။ သမီးလည်း မျက်လုံးကိုသေချာဂရုစိုက်မှ ဖြစ်မယ်။ ကြောက်လာပြီ။
နေမြန်မြန်ကောင်းပါစေ။ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Anonymous said...

မြန်မာပြည်မှာ ရေတိမ်လို့ အသိများပါတယ် အတွင်းတိမ် ကတော့ပိုရင်းနှီးကြပါတယ် ရေတိမ်ကတော့ အတွင်းတိမ်လို
ခပ်အေးအေး မလာပါဘူး ဝုန်းဒိုင်းနဲ့ လာပါတယ် လူကြီးတွေ
မှာအများဆုံးဖြစ်တတ်သလို မျက်စိခွဲစိတ်ကုသမှုပြုလုပ်
ချိန်မှာလဲ ဖြစ်တတ်ပါတယ် .... Open angle glaucoma narrow angle glaucoma စသဖြင့် အမျိုးအစားခွဲနိုင်ပါတယ် အဓိ ကဖြစ်နိုင်တဲ့ ရောဂါလက္ခနာတွေကတော့ စာရေးသူ
ဖော်ပြထားသလိုပါပဲ ခေါင်းအင်မတန်ကိုက်ပါတယ် မီးလုံးကို
ကြည့်ရင် halo sign မီးလုံးဘေးမှာ ဖြူဖြူ အဝိုင်းကဲ့ သို့ 
ပေါ်တတ်ပါတယ် အမြန်ဆုံး မျက်စိအထူးကု ဆရာဝန်
နဲ့ ပြသင့်ပါတယ် မျက်လုံး ပေါက်ထွက်သွားတတ်တဲ့ 
အတွက် အင်မတန် သတိထားရပါတယ် အရေးပေါ်
ခွဲစိတ်ကုသမှုတွေဲပြုလုပ်ရတတ်ပါတယ်
မေတ္တာဖြင့်
စာဖတ်သူ

ThuHninSee said...

မျက်လုံးမကောင်းတဲ့သူမို့ ကိုယ်ချင်းစာတယ်။ အခုသက်သာသွားပြီမဟုတ်လား။

Post a Comment