Wednesday, May 13, 2009

ငယ်ငယ်တုန်းက...


ငယ်ငယ်တုန်းက အရမ်းချစ်ရတဲ့ကောင်လေး၁ယောက်ရှိခဲ့ဘူးတယ်။ ကောင်လေးနာမည်က လင်းညီ ။ ခုနှစ်တန်းတုန်းက အခန်းတူတူဘဲ ၊ ရှစ်တန်းရောက်တော့ အခန်းခွဲသွားတာမတူတော့ဘူး။ အဲဒီတုန်းကဆိုရင် သူနဲ့ ပတ်သက်ရင်ဘာမဆို အရူးထတယ်။ သူ့ အိမ်လိပ်စာရယ် ၊ ဖုန်းနံပတ်ရယ်ကို ကျောင်းတက်နာမည်ခေါ်စာအုပ်ကြီးထဲမှာ သွားကြည့်ရတာ အမော။ ကျောင်းပျော်ပွဲမှာ သူ့ ကိုဓတ်ပုံခိုးရိုက်လို့ သူသိသွားတာ။ သူ့ သူငယ်ချင်းတွေဆိုတာ ကိုယ့်ကိုနောက်လိုက်တာ။ ဟီး ရှက်တယ်။ အဲဒီတုန်းက ဓတ်ပုံရိုက်ပေမဲ့ မရလိုက်ဘူး။ ကံဆိုးလို့ ထင်တယ် ၊ ဖလင်ပျက်သွားတယ်။ ဖလင်ပျက်ပုံက ဒီလို ~ အဲဒီတုန်းကအိမ်ကကင်မရာမယူသွားရဲတော့ သူများဆီက ကင်မရာငှါးလိုက်တာ။ အထာမသိတော့ ဖလင်ကိုဖွင့်မိတယ်။ ပုံနဲနဲဘဲရလိုက်တယ်၊ သူ့ ပုံတော့မရလိုက်ဘူး။ ရိုက်မိတာလဲ၁ပုံထဲ ၊ ပျက်တော့လဲသူ့ ဟာ။ ကံဆိုးပါတယ်။

ကျောင်းတက်ရင်းနဲ့ ကိုးတန်းရောက်သွားရော။ ကိုးတန်းမှာ ကျူရှင်ယူတော့ လူပြည်.သွားလို့ တဲ့ ၊ ကိုယ့်ကိုယ်စားပွဲဝယ်ပြီးတက်ရမယ်တဲ့။ အဲဒါသွားတက်တာပေါ့။ သွားတက်တော့ ဘယ်သူနဲ့ တွေ့လဲသိလား။ အဲဒီကောင်လေးကကိုယ်နဲ့ ကျူရှင်တူတူဘဲ။ ပျော်လိုက်တာ။ ဒါပေမဲ့ သူကဘာသာစုံမယူဘူး။ ဘာဖြစ်လဲ တွေ့ ရတာဘဲ ကျေနပ်တယ်။ ကောင်လေးရဲ့ သူငယ်ချင်း၁အုပ်လုံးပဲ။ ထပ်နောက်ခံရတာပေါ့။ အဲဒီတုန်းကကိုယ့်ဘေးမှာထိုင်တဲ့ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်ကြတယ်။ သူက နွယ် ။ အဲဒီနှစ်က မှတ်မှတ်ရရ နေမကောင်းလို့ ဆေးရုံတက်ရတာကို ကောင်လေးသူငယ်ချင်းတွေက "မင်းလုပ်လိုက်လို့ သူဆေးရုံတက်ရတာ" လို့ နောက်ကြသေးတယ်။ သူနဲ့ ခင်ရတဲ့ ကာလ အားလုံးဟာ အမှတ်ရစရာတွေကြီးပါဘဲ။

ဆယ်တန်းဖြေပြီးတော့ စိတ်ပြေလက်ပျောက် ကောင်လေးဆီဖုန်းဆက်ကြည့်တာပေါ့။ ကောင်လေးမာမီက သူ့ သားကိုတိုပါ့ ၊ မခေါ်ပေးဘူးဗျာ။ အဲဒီတုန်းကကောင်လေးနဲ့မခင်သေးဘူးနော်။ အဲဒါ နွယ် ကပြောတယ် ၊ သူခေါ်ကြည့်မယ်တဲ့ ၊ သူကအဘွားကြီးကိုဘာတွေပြောလိုက်လဲမသိ။ ဟိုကခေါ်ပေးတယ်။ အဲဒီမှာပြသာနာတွေကစတာဘဲ။ သူငယ်ချင်းဆိုတာ မယုံနဲ့လို့ ။ ကိုယ်တွေ့ ။ နွယ်က ကိုယ်ဒီကောင်လေးကို အရမ်းကြိုက်မှန်းသိတယ်။ သူအောင်သွယ်လုပ်ပေးမယ်တဲ့။ ကိုယ်ကလဲဘယ်သိမလဲ ၊ နင်လုပ်ရရင်လဲလုပ်ပေးလို့ ။ သူတို့က ပထမတော့မောင်နှမလုပ်ဖြစ်ကြတယ်၊ ကိုယ်နဲ့လဲမိတ်ဆက်ပေးတော့ကောင်လေးနဲ့ ကိုယ်နဲ့ ရင်းနှီးသွားအောင်သူဘဲလုပ်ပေးတာ။ သူတို့ ညတိုင်းဖုန်းပြောဖြစ်ကြတယ်။ ကိုယ်ကတော့ဘယ်လိုဖြစ်ဖြစ်ကျေနပ်တာပေါ့နော် ရင်းနှီးအောင်လုပ်ပေးထားလို့ ကျေးဇူးတောင်တင်တယ် နွယ် ကို။

ဆယ်တန်းပြီးတော့ နွယ် ဆိုတဲ့ကောင်မလေးနဲ့ ကိုယ်နဲ့ ကွန်ပြူတာ သင်တန်း၁ခုကို တူတူတက်ဖြစ်ကြတယ်။ အဲဒီချိန်ထိ အားလုံးဟာပျော်ပျော်ဘဲ။ အဲဒီမှာလဲခင်မင်ဖို့ ကောင်းတဲ့သူငယ်ချင်းတွေနဲ့ ထပ်တွေ့ပါတယ်။ အဲဒီထဲမှာခင်ခဲ့တဲ့ကောင်မလေး၁ယောက်က နေဇာ ။ သူကကိုယ်တို့ ထက်၂နှစ်ငယ်တယ်။ ခုဆိုဘယ်ရောက်နေလဲတောင်မသိ။ အဆက်အသွယ်တွေပြတ်နေခဲ့တာ။ နွယ်က လင်းညီကို မိတ်ဆက်ပေးတာကိုယ်နဲ့ ။ ဒါပေမဲ့ ကျောင်းဆင်းရင်ကျောင်းအောက်မှာလာစောင့်တဲ့ လင်းညီက ကိုယ့်ကိုလာစောင့်တာမဟုတ်။ နွယ်ကိုတဲ့။ သူတို့ က အရမ်းခင်တဲ့ မောင်နှမဆိုဘဲ။ တစ်ရက်တစ်ရက် ပုံပြင်ဆိုတာလဲပြောတယ်တဲ့။

ကျောင်းတက်ပြီး ၆ လ အကြာ၁ရက်မှာ လင်းညီက နွယ်ကို ကဗျာရေးပေးတယ်။ အဲဒီချိန်ထိ ကိုယ်မရိပ်မိဘူး ၊ တုံးပါ့။ နဲနဲကြာတော့ လင်းညီက အဲဒီကဗျာ (သူ့လက်ရေးနဲ့ သူ့စာအုပ်နဲ့ ) ကိုယ့်ကိုလာပေးဖတ်တယ်။ အဲဒီချိန်က ကဗျာတွေထုတ်တာ အရမ်းခေတ်စားနေတာ၊ သူကဗျာထုတ်မလို့ တဲ့။ ဘာတဲ့ လူကိုအရူးများထင်နေလားမသိ။ ရှိသမျှ ကဗျာတွေက အကုန်လုံး နွယ်အကြောင်းတွေ။ အဲဒီမှာ ကိုယ်လဲပေါက်ကွဲတာပေါ့။ သူ့ စာအုပ်မှာ "အရူး" လို့ ရေးပေးလိုက်တယ်။ နောက်ရက်လဲကျရော အိမ်ထိလာပြီး ပြသာနာရှာတယ်။ သူ့ ကိုဘာလို့ အဲလိုရေးလဲတဲ့။ ကိုယ်ကြိုက်နေတာသိသိကြီးနဲ့ သူမို့ အဲလိုလုပ်ရက်တာ။ ဒီကောင် အရူးဘဲပေါ့။

နေဇာနဲ့ နွယ်နဲ့ က အစကတည့်သလိုလိုနဲ့ နောက်ပိုင်းကျတော့ ဘာတွေဖြစ်လဲမသိ။ သိပ်မတည့်ချင်တော့။ နေဇာက ၁နေ့ ကျတော့ပြောတယ်။ လင်းညီနဲ့ နွယ်ကသိပ်မရိုးသားဘူးတဲ့။ ကိုယ်ကမထင်ပါဘူး။ ရိုးသားမှာဘဲလို့ မျှော်လင့်တုန်း။ ဘာလို့ ဆိုတော့ ကိုယ့်စိတ်နဲ့ နှိုင်းတာကို။ ကိုယ်ဆိုရင် ကိုယ့်သူငယ်ချင်းကိုအဲလိုလုပ်မှာမဟုတ်လို့ လေ။ ၁ရက်မှာ နွယ်က ကိုယ့်ကိုဘာလာပြောလဲသိလား။ လင်းညီကသူ့ ကိုရီးစားစကားပြောတယ်တဲ့။ အဲဒီချိန်ထိ နွယ်ရိုးသားတယ်လို့ ထင်တုန်း။ နောက်ဆက်တွဲကတော့ နွယ်ရဲ့ အိုက်တင်က အရမ်းကို ကျေနပ်နေတဲ့ပုံမြင်မှဘဲ ကိုယ် အရမ်းနောက်ကျသွားပြီဆိုတာသိလိုက်တယ်။ သူကကိုယ့်ကို လာမေးတယ် ၊ သူဘယ်လိုလုပ်ရမလဲတဲ့။ နွယ်ကအရမ်းတက်ကြွနေတာပေါ့။ မေးစရာလားနော် ၊ အဖြေကရှင်းနေတာဘဲဟာ။ အဲဒီချိန်မှာ ကိုယ်သူ့ ကိုမတားချင်တော့ဘူး။ နင်တို့ လုပ်ချင်တာတာ လုပ်ကျပါတော့လို့ ဆိုချင်တယ်။

အဲဒီချိန်မှာ နွယ် နဲ့ နေဇာ ဘာဖြစ်မှန်းမသိ။ နွယ်ကပြောတယ် " သူ့ ကိုခေါ်မလား ၊ ငါ့ကိုခေါ်မလား ၊ ၂ ယောက်ထဲကကြိုက်တဲ့ ၁ ယောက်ရွေးတဲ့" ။ နေဇာကို ရွေးလိုက်တယ်။ သူ့ ကိုအရမ်းအမြင်ကပ်သွားလို့ လေ။ အဲလိုလုပ်ရက်လို့ ။ အံ့ဩတာ။

လင်းညီနဲ့ ကိုယ်နဲ့ နွယ်နဲ့ အားလုံးအဆက်သွယ်တွေပြတ်ပြီး ကွန်ပြူတာသင်တန်းလဲပြီးလို့ တရုတ်စာသင်တန်းဘက်ကိုကူးတဲ့အချိန်
လင်းညီ အိမ်ကိုဖုန်းဆက်လာတယ်။ သူနဲ့ နွယ်နဲ့ အဆက်သွယ်မရှိတော့ဘူးတဲ့။ အဲဒီနောက်ပိုင်းကိုယ်နဲ့ ဘဲလာပြောတယ်။ တရုတ်စာသင်တန်းလဲတူတူတက်လိုက်သေးတယ်။
တရုတ်စာသင်တန်းတက်ပြီး ၃လကြာတော့ဘာလာပြောလဲသိလား။ အဆက်သွယ်လာဖြတ်တာတဲ့။ သူနဲ့ နွယ်နဲ့ က ခုထိအဆက်သွယ်ရှိတုန်းတဲ့။ ဒါဆို ဒီကောင် လှေနံ၂ဖက်လာနင်းတာပေါ့။ ကိုယ့်မှာတော့မသိဘူးလေ။ ခံလိုက်ရတာပါ။ ၁ခုရှိတယ် ၊ သူ့ ကို "အရူး" လို့ ရေးလိုက်လို့ လက်စားပြန်လာချေတာဖြစ်နိုင်တယ်။ ဘာဘဲဖြစ်ဖြစ် မိန်းကလေး၁ယောက်ကို အဲလိုမလုပ်သင့်ပါဘူးလေ။ တော်တော်ရိုင်းစိုင်းတဲ့အကောင်။ အဲဒီထဲက ၂ယောက်လုံးကိုကြည့်လို့ ကို မရတော့ဘူး။ ချစ်တာတွေလဲမရှိတော့ဘူး။ ကြာခဲ့ပါပြီ။

1 comments:

သားကြီး said...

ဟုတ်!
အဲကောင် အချစ်နဲ့မတန်သူဖြစ်တယ်
မေ့လိုက်တာကောင်းပါတယ်ညီမရေ

Post a Comment